မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ အဖွဲ့အစည်းပေါင်းစုံ ရှုပ်ထွေးကွဲပြားနေတဲ့ ကရင်ပြည်နယ်မှာတော့ အာရှလမ်းမကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စိုးမိုးနိုင်ဖို့ စစ်ပွဲတွေ ဆင်နွှဲနေကြသလို၊ အစုငယ်လေးတွေအဖြစ် ဖြန့်ခွဲဝင်ရောက်လာတဲ့ ‘ကျားဖြန့်’ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် သယံဇာတတူးဖော်မှုတွေကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်ရေးအတွက် အဓိကထောက်တိုင်တွေ ဖြစ်လာပါတယ်။
ဆယ်စုနှစ်ရှစ်ခုကြာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စတင်ခဲ့တဲ့ တော်လှန်ရေးဟာ အခုအခါမှာတော့ ပဋိပက္ခစီးပွားရေးရဲ့ ဝါးမျိုမှုကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေနဲ့ သံလွင်မြစ်ရေအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ဖျက်ဆီးနေသလို ဖြစ်လာပါတယ်။ လုံခြုံရေးနဲ့ စီးပွားရေး ဖိစီးမှုတွေအောက်မှာ လူသားစာနာအကူအညီတွေလည်း လျော့နည်းလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ ရှင်သန်နိုင်ရေးအတွက် တရားမဝင်လုပ်ငန်းတွေထဲ မလွှဲမရှောင်သာ ဝင်ရောက်လုပ်ကိုင်လာရတာတွေ ကြုံတွေ့နေရပါတယ်။
ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေးကြီးအောက်မှာ ကရင်ပြည်နယ်က ပြည်သူတွေ ဘယ်လိုများ ရုန်းကန်ရင်ဆိုင် နေကြရသလဲဆိုတာကို မတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ISP နှင့်အတူ မိနစ် ၃၀ အစီအစဉ်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဆွေးနွေးချက်တွေကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ “မစုစည်းနိုင်သေးသည့် ဖားစည်မြေ”ရဲ့ အကျပ်အတည်းတွေကို “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။